အိုင်တီမန်းဘလော့ခ်ကို စလုပ်ခါစက အွန်လိုင်းပေါ်မှာ အခုလောက်ကြီးထိ နည်းပညာဘလော့ခ်တွေ ပေါများမှုမရှိသေးပါ။ တချို့က ကွန်ပျူတာနဲ့ ပတ်သတ်တာတွေကို သီးသန့်ရေးတာမဟုတ်ဘဲ တခါတလေမှ ညှပ်ရေးတာမျိုးပါ။ တချို့ကကျ တစ်လနေမှ တစ်ခါလောက် ရေးတာမျိုးတွေပါ။ အဲဒါနဲ့ အိုင်တီနဲ့ပတ်သတ်တာတွေကိုပဲ သီးသန့်ဖော်ပြမယ်၊ တခြားဘာအကြောင်းမှမတင်ဘူး၊ သူများတင်ထားတာတွေထဲက ကောင်းတာတွေလည်း တင်မယ် ဆိုပြီး စဉ်းစားလိုက်ပါတယ်။
တခြားသူရေးထားတာကို ပြန်လည်ဖော်ပြချင်တဲ့စိတ်က တခြားကြောင့်တော့ မဟုတ်ပါဘူး။ တကယ်လို့များ အဲဒီ ဘလော့ခ်က Hit နည်းတဲ့ ဘလော့ခ်ဆိုရင် အွန်လိုင်းကလူတွေ မသိလိုက်မှာစိုးတဲ့ စေတနာပါ။ လူတွေအများကြီး ရေးထားမဲ့ ပို့စ်တွေပါဝင်နေမှာမို့ itmen ဆိုပြီး သေချာစဉ်းစားပြီး ပေးခဲ့ပါတယ်။ အစပိုင်းကတည်းက ကိုယ့်ဘာသာကိုယ်လဲရေး၊ သူများရေးထားတာတွေကိုလည်း ခွင့်ပြုချက်တောင်းပြီး ပြန်တင်လုပ်ခဲ့ပါတယ်။ စပြီးတည်ထောင်ကာစက လူသိပ်မသိသေးတော့ အိုင်တီမန်းမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။
အစပိုင်းတုန်းကတော့ ရေးသာရေးနေရတယ်။ ရေးတဲ့အကြောင်းအရာတွေကို ဖတ်တဲ့သူရှိပါ့မလား။ အချိန်တွေအကုန်ခံနေသလိုများ ဖြစ်နေမလားဆိုပြီး ထင်နေခဲ့ပါတယ်။ အင်တာနက်ဂျာနယ်ကနေ ညွှန်းလိုက်တဲ့နောက်ပိုင်းကစပြီး ၀င်ကြည့်တဲ့သူ သိသိသာသာတိုးလာပါတယ်။ အဲဒါနဲ့ ရေးအားကောင်းလာပါတယ်။
ဒါပေမဲ့ တခြားဘလော့ခ်တွေကနေ ကောင်းတာလေးတွေကို ပြန်တင်တဲ့အကျင့်က မပျောက်သေးပါဘူး။
တစ်ခုတော့ရှိပါတယ်။ အဲဒီလိုပြန်တင်တဲ့အခါမှာ မူရင်းဘလော့ခ်ရဲ့ လိပ်စာကို သေသေချာချာ ထည့်ပေးထားပါတယ်။ အဲဒါကြောင့် ကူးတာမဟုတ်ပါဘူး။ တစ်ဆင့်ပြန်လည်ဖော်ပြတာပါ။ အဲဒီလိုလုပ်တာကိုမှ မကြိုက်ဘူးဆိုရင်လည်း မူရင်းဘလော့ဂ်ဂါတွေအနေနဲ့ အီးမေးလ်ပို့ပြီး ပိတ်ပင်နိုင်ပါတယ်လို့ တစ်ခါက ဖော်ပြခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ ဘလော့ခ်တစ်ခုပေါ်က ပို့စ်တစ်ခုဟာ တကယ်အကျိုးရှိရင် အလွန်လျင်မြန်စွာ ပြန့်သွားနိုင်တယ်ဆိုတာ သိခဲ့ပါတယ်။ ကြည့်တဲ့သူတစ်ယောက်ကနေ Forward လုပ်ပြီး ဖြန့်တယ်။ အဲဒီတစ်ယောက် ဆယ်ယောက်၊ အယောက်တစ်ရာ ကူးသွားတာ အလွန်ကို မြန်ပါတယ်။
နောက်ထပ်တွန်းအားတစ်ခုအနေနဲ့ လာလေ့လာတဲ့သူတွေက Own Tune တွေဆို ကောင်းမှာဆိုပြီး Cbox ကနေ ပြောလာကြပါတယ်။ အဲဒါနဲ့ ကဲ ဘယ်သူရေးထားတာကိုမှ ပြန်မဖော်ပြတော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရေးပြီး တင်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ကိုယ်တိုင်ရေးဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါ။ ကိုယ်သိတာတွေကိုချည်းပဲ ချရေးနေလို့လည်း မဖြစ်ပါ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာလည်း ဖြစ်ရမယ်။ ဖတ်တဲ့သူအတွက်လည်း တစ်စုံတစ်ရာအကျိုးရှိရမယ်။ လူတော်တော်များများ မသိသေးတဲ့ဟာမျိုးလည်း ဖြစ်ရမယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ပို့စ်တစ်ခု ပေါ်ထွန်းလာဖို့ဆိုတာ တကယ်မလွယ်ပါဘူး။
ဒါပေမဲ့ အချိန်ရရင် ရသလို စဉ်းစားပြီး ကြိုးစားတင်ပါတယ်။ ကိုယ်ပိုင်အင်တာနက်မရှိတော့ အင်တာနက်ရှိတဲ့ သူငယ်ချင်းအိမ်ကို သွားတင်ရပါတယ်။ ဆိုင်ကယ်နဲ့ ၁၅မိနစ်လောက် မောင်းရပါတယ်။ ပို့စ်ရေးတဲ့အခါမှာလည်း နေ့လည်တိုင် မီးမလာလို့ မီးလာတဲ့ ညပိုင်းမှာ အလုပ်တွေပြီးတဲ့ ည၁နာရီလောက်မှာ ရေးရပါတယ်။ အိုင်တီမန်းဘလော့ခ်မှာ သုံးရက်တစ်ခါလောက်မှ အသစ်မတင်ရရင် ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားရပါတယ်။ အခုတော့ နေ့တိုင်းကို တင်ချင်နေတော့တာပါ။
အထက်မှာ ရေးခဲ့သလိုပါပဲ။ တခြားညီအစ်ကိုတွေရဲ့ ပို့စ်တွေကို ပြန်လည်ဖော်ပြခြင်း မလုပ်ခဲ့တာ အတော်ကြာပါပြီ။ Own Tune တွေကိုပဲ ဆက်တိုက် ရေးနေခဲ့တာပါ။ Own Tune လို့ပြောတဲ့နေရာမှာ ဘာသာပြန်ပြီး ဖော်ပြဖူးတာ နှစ်ခုသုံးခုလောက်ပဲ ရှိခဲ့ဖူးပါတယ်။ Gmail မှာ Translate လုပ်တဲ့အကြောင်းရယ်၊
Software မလိုပဲ Folder တွေကို ဖျောက်တဲ့အကြောင်းရယ်ပါ။ တခြားဟာတွေအကုန်လုံးက လက်တန်းရေးပြီး ဖော်ပြတာပါ။
ကျွန်တော်ဘာဖြစ်လို့ ဒါတွေပြောနေရသလဲဆိုရင် ဟိုးတလောက Cbox ထဲမှာ ဆြာကြီး ဆိုတဲ့သူတစ်ယောက်က ကျွန်တော်ရေးတဲ့ Post တွေဟာ
http://www.forumw.org/ ထဲက ဟာတွေနဲ့ တူနေတယ်၊ ဘာသာပြန်ရတာ အတော်ပင်ပန်းမှာပဲနော် ဆိုပြီး ထေ့သွားပါတယ်။ စတွေ့တွေ့ချင်းမှာ ကိုယ်မှမဟုတ်တာ ဆိုပြီး ဘာမှ ပြန်မပြောပါဘူး။ အိုင်တီမန်းရဲ့ ပရိသတ်တွေကပဲ သူ့ကို ပြန်ပက်လိုက်ကြပါတယ်။
သူပြောတဲ့ Site တွေကို ကျွန်တော်ဘာသာပြန်ဖို့ ဝေးလို့ ကြားတောင်မကြားဖူးပါဘူး။ ကျွန်တော့်မှာလည်း ရေးစရာကုန်ကြမ်း အဲဒီလောက် မရှားပါ။ ဒါပေမဲ့ စိတ်ထဲမှာတော့ သတိပြုစရာပဲလေဆိုပြီး မှတ်ထားလိုက်ပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်မှာတော့ Technically Personal ဆိုတဲ့ နိုင်ငံခြား Blog တစ်ခုကို တွေ့လိုက်ပါတယ်။ Video နဲ့ Web ပိုင်းတွေ အရေးများပါတယ်။ ဒါပေမဲ့ သူ့ Blog လေးကို Reader နဲ့ဖတ်ရင်းနဲ့ တစ်ချို့ပို့စ်တွေဟာ ကျွန်တော်ရေးခဲ့ဖူးတဲ့ Post တွေနဲ့ အတော်လေးတူတာကို တွေ့ရပါတယ်။ တချို့ဟာက ခေါင်းစဉ်တူတယ် တချို့ Post တွေမှာ ညွှန်းတာလေးတွေတူတယ်။ ဥပမာ ကျွန်တော်က စက်ရှင်းလင်းရေးအတွက် CCleaner ကို ညွှန်းခဲ့ဖူးတယ်။ သူကလည် CCleaner ကို ညွှန်းခဲ့ဖူးတယ်။
ဒီလို တိုက်ဆိုင်မှုတွေက အံ့သြစရာပဲလို့ ညပိုင်း လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ဆုံတော့ ပြောဖြစ်လိုက်တယ်။
နောက် မကြာပါဘူး။ စေတန်ရဲ့ Blog မှာ Online Bookmarking ဆိုပြီး Post တစ်ခု တင်လိုက်တာကို တွေ့ရတယ်။ အဲဒီ Post ရဲ့ ခေါင်းစဉ်အတိုင်း အိုင်တီမန်းဘလော့ခ်မှာ ရေးခဲ့ဖူးတာ ကြာပါပြီ။ ကျွန်တော်က Registration ကို ရှောင်တဲ့အနေနဲ့ Google ရဲ့ Bookmarking ကို အသားပေးပြောသွားပြီး သူကတော့ တခြားဟာတစ်ခုနဲ့ လုပ်နည်းကို ပြောသွားပါတယ်။ ကိုယ့်တုန်းကလည်း တိုက်ဆိုင်မှုလေးတွေရှိခဲ့တော့ အခုတိုက်ဆိုင်မှုကိုလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ပါဘူး။
နောက်ထပ် ဖြစ်လာပါသေးတယ်။ Gmail ကို ပုံမှန်သုံးနေရာကနေ တစ်ရက်ကျ မျက်လုံးက စာမျက်နှာအောက်နားကို ရောက်သွားရာကနေ Gmail ကို ဘယ်အချိန်နောက်ဆုံးသုံးခဲ့တယ်ဆိုတာကို ဖော်ပြပေးတယ်ဆိုတဲ့ သိသွားပါတယ်။ ဟ ဒါကတော့ အွန်လိုင်းသမားတိုင်း သိကိုသိရမှာပဲလို့ တွေးပြီး သိသိချင်းပဲ ပို့စ်တစ်ခုအနေနဲ့ ရေးပြီး တင်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ရက်မှာ
Google Reader နဲ့ တခြား ဘလော့ခ်တွေရဲ့ပို့စ်တွေဖတ်ရင်း တစ်ယောက်ကလည်း ကျွန်တော့်ထက် အတော်လေးစောပြီး အဲဒီအကြောင်းကို တင်ခဲ့ဖူးတာကို
တွေ့လိုက်ပါတယ်။ သူကလည်း သိသင့်ကြတယ်ထင်လို့ တင်ခဲ့တာနဲ့ တူပါတယ်။ ကျွန်တော်ကလည်း သိသင့်ကြတယ်ထင်လို့ တင်လိုက်တာပါ။
ဒါပေမဲ့ တူသွားတယ်။ သူ့ကို ကျွန်တော် ဘယ်လိုတောင်းပန်ရပါ့မလဲ။
ဒါတွေက ဒီလိုရှိခဲ့ပါတယ်ဆိုတာကို မသိပဲ ကျွန်တော်ရေးတာတွေထဲက တချို့ဟာ ကူးထားတာပါလို့ အဲဒီလူနှစ်ယောက်က Cbox ဘာကြောင့် ပြောတာပါလဲ။
စကားကို ဆင်ဆင်ခြင်ခြင်ပြောဖို့ ကောင်းပါသည်။ အကျိုးအမြတ်မရှိဘဲ အများသိစေချင်တဲ့ စေတနာသက်သက်နဲ့ အိုင်တီမန်း ပေါ်ပေါက်လာတာပါ။ သိလျှင်တတ်လျှင် အများအကျိုးဆောင်ချင်လျှင် စလုပ်လိုက်ပါတော့ မိတ်ဆွေ။ ကိုယ်တိုင်က ငုတ်တုတ်ကြီးထိုင်ပြီး သူများလုပ်တာတွေကို အပြစ်လိုက်ပြောနေရင်တော့ မကောင်းပါ။ ကျွန်တော့်အနေနဲ့ ဝေဖန်တာကို အရမ်းကြိုက်ပါတယ်။ အပြစ်ပြောတာ၊ ပုတ်ခတ်တာ၊ စွပ်စွဲတာမျိုးကိုတော့ ဆောရီးပါ။
ကဲ ကျွန်တော်ဘာလုပ်ရပါတော့မလဲ။ ဘလော့ခ်မှာ ပို့စ်တစ်ခု တင်မယ်လုပ်တိုင်း အင်တာနက်ပေါ်က မြန်မာဘလော့ခ်တွေအကုန်လုံး လိုက်ကြည့်ပြီး မထပ်ဘူးဆိုတော သေချာတော့မှ တင်ရတော့မှာလား။
ဟင့်အင်း ကျွန်တော် အဲဒီလို မလုပ်ချင်ပါ။